ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေ ဆရာ/မများ လုံလောက်မှုမရှိဟုဆို

ဒီဇင်ဘာ ၁၆ ၊ ပင်လည်ဘူး

ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေ သင်ကြားနေသည့် ဆရာ/မများ လုံလောက်မှုမရှိကြောင်း ဒီဇင်ဘာ(၁၆)ရက်နေ့ တွင်ပြုလုပ်သည့် တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ပင်လည်ဘူးမြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေသင်ကြားနေသော ဆရာ/မ စုစုပေါင်း (၂၈) ဦးရှိပြီး နေ့စားလပေး ဆရာ/မ(TA) ငါးဦးသာရှိသဖြင့် ထပ်မံခန့်အပ်နိုင်ရေး အစီစဉ် ရှိ /မရှိ ဆွေးနွေးတင်ပြခဲ့ကြောင်း ဦးခင်မောင်မြင့် ကပြောသည်။

“ သူတို့လည်း မသက်သာလို့ ခဏယာယီအစားထိုးအနေနဲ့ သူတို့လည်း အနှစ်နာခံပြီး သင်ပေးနေရတာ ဒီခေတ် ငွေကြေးစနစ် တစ်လသုံးသောင်းနဲ့က ငွေရှာလည်း မသွားသာ အိမ်မှာလည်း မပြည့်စုံ ဒီဝင်ငွေလေးကလည်း ဆားဖိုး၊ ငါးပိဖိုးတောင်မရတဲ့ အနေထားမှာ သူတို့သည် ရေရှည်မသင်ကြားနိုင်ဘူး” ဟု ၎င်းကဆက်ပြောသည်။

နေ့စားလပေး(TA)ဆရာ/မများသည် လစာ တစ်လ ခုနှစ်သောင်းကျပ်ခန့် ရပြီး တိုင်းရင်းသားဘာသာ ဆရာ/မ များ(LA)သည် တစ်လ သုံးသောင်းရရှိကြောင်း သိရသည်။

လစာနည်းပါးမူကြောင့် ရေရှည်တွင် ဆရာ/မများအတွက် အခက်ခဲဖြစ်စေကြောင်း ၎င်းကဆက်ပြောသည်။

“ အခြားမြို့နယ်နဲ့စာရင် ပင်လည်ဘူးမြို့နယ်က အရမ်းအားနည်းသေးတယ် ၊ အစိုးရရော အခြားအခြား ထောက်ပံ့မှုကို မျှော်လင့်တာပေါ့နော့ ၊ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ရေရှည်ရပ်တည်မှုက အဆင်မပြေဘူးပေါ့” ပင်လည်ဘူးမြို့နယ်ရှိ ရှမ်းနီစာပေ ဆရာစိုင်းဇော်ဇော်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က တိုင်းရင်းသားဘာသာ ဆရာ/မများ (LA) ၏ လစာ သုံးသောင်းမှ ငါးသောင်းတို့ တိုးမြင့်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရထံတင်ပြ ထားကြောင်း ထိုတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးဌာန အသီးသီးမှ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး ၊ ပညာရေး၊ လူမျိုးရေးများ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *